နယ်စပ်အနီး ကျိုက်ဒုံဒေသမှာ KNU တပ်မဟာ ၆ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ၂ ရက်ကြာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ က ဒီနေ့မှာ စစ်ရေးသတင်းဖော်ပြပါတယ်။
ကျိုက်ဒုံဒေသဟာ မြို့နယ်ခွဲအဆင့်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ပါဝင်ပါတယ်။
အဲဒီဒေသမှာ အောက်တိုဘာလ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ၂ ရက်တာ တိုက်ပွဲဖြစ်ကြတာလို့ အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ဖော်ပြချက်အရသိရပါတယ်။
၂ ရက်တာအတွင်း အင်အား ၁၄၀ ခန့် ရှိတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် ၈ ဦးဒဏ်ရာရပြီး ၁၀ ဦး ကျတယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ အကျအဆုံးစာရင်းကို People’s Spring အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး ။
ကျိုက်ဒုံဒေသမှာ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး ကျိုက်ဒုံရဲစခန်းကို ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာရှိခဲ့ပါတယ်။