ကရင်အမျိုးသားအစည်းအရုံး KNU မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
KNU တပ်မဟာ(၃) မုန်းမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ(၅၉၉)တပ်ရင်းကနေ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာ မွေတွင်းကျေးရွာထဲကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်လုံးအပေါ် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းနေထိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ နေရာမှာပင်သေဆုံးခဲ့ရတယ် KNU ရဲ့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါ့အပြင် KNU တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ်ထဲမှာလည်း ဩဂုတ် ၃ ရက်နေ့ မနက် ၈ နာရီခွဲအ ချိန်ခန့်မှာ စစ်ကောင်စီရဲ့ ခမရ ၂၇၄ တပ်ရင်းက ကျောက်တံခါးမြို့ကနေ သမင်အင်းကုန်းကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးအသက် ၁၆ နှစ်အရွယ် (၁၀)တန်းကျောင်းသားတစ်ဦးရဲ့ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို မကြာ ခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာရရှိတာတွေ ရှိနေပြီး အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။