ကရင်အမျိုးသားအစည်းအရုံး( KNU) အုပ်ချုပ်မှုနယ်မြေ ခရိုင် ၆ ခုမှာ စစ်ဘေးရှောင်ပြည်သူ ဦးရေ ၇ သိန်းကျော် ရှိလာပြီလို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒူသထူခရိုင်(သထုံ) ၊ တောအူးခရိုင်( တောင်ငူ)၊ ခလယ်လွီထူခရိုင်( ညောင်လေးပင်)၊ ဘိတ် − ထားဝယ်ခရိုင် ၊ မူတြော်ခရိုင် ( ဖာပွန်)၊ ဒူပလာယာခရိုင်(ကြာအင်းဆိပ်ကြီး) တို့ မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူလူထုတွေအနေနဲ့ နေရာထိုင်ခင်းအခက်အခဲ ၊စားနပ်ရိက္ခာ မလုံလောက်မှု ၊ ဆေးဝါးမလုံမလောက် အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ KNU ဗဟိုက အသိပေးပါတယ်။
စစ်ရှောင်ပြည်သူအများဆုံး ခရိုင်ဟာ ခလယ်လွီထူခရိုင် ( ညောင်လေးပင် ) ဖြစ်ပြီး ဒေသခံ ပြည်သူ ၂သိန်းခွဲနီးပါး စစ်ရှောင်နေရတယ်လို့သိရပါတယ်။
ညောင်လေးပင်ဟာ ပဲခူးတိုင်းအရှေ့ခြမ်း ဖြစ်ပြီး ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ဒေသပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာတော့ အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ KNU ၊PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။
KNU ကတော့ အခုနှစ်ရဲ့ ၉ လအတွင်းမှာ စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၃,၅၀၀ ကျော် ဖြစ်ပွားထားတယ်လို့ ထုတ်ပြန်ထားပါတယ်။