ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ KTV တစ်ခုမှာ PDF တွေ ရောက်နေတယ်လို့ ရဲစခန်းကိုလိမ်လည် ဖုန်းဆက်တိုင်ကြားခဲ့တဲ့ မှုခင်းသတင်းထောက်ဆိုသူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က အောင်ပန်းမြို့ KTV တစ်ခုမှာ စကားများရာမှ အဲ့ဒီ KTV မှာ PDF တွေရောက်နေတယ်ဆိုပြီး မှုခင်းသတင်းထောက်ဆိုသူက ရဲစခန်းကို ဖုန်းဆက်တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။
KTV ကို လာရောက်စစ်ဆေးရာမှာ PDF တွေမရှိသလို ဖုန်းဆက်တိုင်ကြားသူကိုလည်း မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
ဖုန်းဆက်တိုင်ကြားသူမှာ နေပြည်တော်တိုင်း မှုခင်းသတင်းထောက် ခင်မောင်ထွေး(ခ) မောင်လေးငယ် ဆိုသူဖြစ်ပြီး ၂၀၁၉ ခုနှစ်က အွန်လိုင်းမှအကောင့်တုနဲ့ ခြိမ်းခြောက်ငွေတောင်းဆိုမှု၊ ပုဒ်မ ၆၆(ဃ) စတဲ့အမှုတွေနဲ့ ထောင် ၉ နှစ်ကျခံထားသူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီလွတ်ငြိမ်းနဲ့ ပြန်ထွက်လာသူဖြစ်ပါတယ်။
ဟဲဟိုးမြို့၊ နန်းတော်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ခင်မောင်ထွေး(ခ)မောင်လေးငယ်ကို အကြည်ညိုပျက်စေမှု၊ အများပြည်သူကို ထိန်လန့်စေတဲ့ပုဒ်မတွေနဲ့ အောင်ပန်းရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။