ကရင်နီပြည်နယ် ၁၁၁၁ စစ်ဆင်ရေး အတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ကျဆုံးခဲ့တဲ့ ရဲဘော်လားရှိုး ရဲ့ စျာပန အခမ်းအနားကို နို၀င်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ Loikaw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရဲဘော်လားရှိုး ဟာ ဘုရားဖြူ တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပြီး ယခင်က တိုက်ပွဲများစွာ ပါဝင်တိုက်ခိုက်ခဲ့ကာ စိတ်ဓာတ် တက်ကြွသူ ဖြစ်တယ်လို့ သိရပါတယ်။
“သူရဲ့ ရင်ဘတ်ကို ထိသွားတာလို့ သိရတယ်။ သူက ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက် မသောက်တတ်ဘူး။ အလုပ်လဲ တာဝန်ကျေတယ်။ သူ့ကြောင်လေးတွေကိုလည်း အရမ်းချစ်တတ်တယ်။ တပ်ဖွဲ့ပြောင်းတာတောင် ကြောင်တွေပါ ခေါ်သွားတာ” လို့ ရဲဘော်လားရှိုး နဲ့ ရင်းနှီးသူ တစ်ဦးက ပြောပါတယ်။
ရဲဘော်လားရှိုး ရဲ့ ပေးဆပ်မှုကို Loikaw PDF က လေးစားဦးညွတ် အလေးပြုပြီး ကျဆုံးရတဲ့အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲ ရတယ်လို့ ဆိုပါတယ်။
လက်ရှိ ကရင်နီပြည်က ၁၁၁၁ စစ်ဆင်ရေး အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က သေဆုံးသူများနေသလို တော်လှန်ရေး တပ်ဖွဲ့ဘက်ကလည်း ထိခိုက် ကျဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။