မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးနဲ့အတူ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီရဲ့ အရာရှိတွေအပါအဝင် သုံ့ပန်းတွေ ဖမ်းမိထားတယ်လို့ မန္တလေး PDF (MDY PDF) က အသိပေးထုတ်ပြန်ပါတယ်။
အောက်တိုဘာ (၂၆) ရက်နေ့ မှ အောက်တိုဘာ(၃၀) ရက်နေ့အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်(၁)ဦး ၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး ၊ တစ်ပွင့်ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး ၊ ပြည်သူ့စစ်(၂)ဦး နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘယ်မြို့နယ်တွေမှာ ဖမ်းမိခဲ့တယ်ဆိုတာ မဖော်ပြပေမယ့် “တောင်သမန် စစ်ဆင်ရေး” ကို ရှမ်းပြည်နယ် နောင်ချိုနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ ဖော်ဆောင်နေတာပါ။
မန္တလေး PDF နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော (TNLA) တို့ဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းက ကျောက်ကြမ်းရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို အောက်တိုဘာ ၂၉ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေသိမ်းမိခဲ့ပါတယ်။
ကိုးကန့်တပ်၊ ရခိုင်တပ်နဲ့ တအာင်းတပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က “၁၀၂၇” အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ကြေညာပြီး ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ မန္တလေး PDF ကလည်း “တောင်သမန် စစ်ဆင်ရေး” နဲ့ ပါဝင်တိုက်ခိုက်မယ်လို့ ထုတ်ပြန်ထားပါတယ်။