ဧရာ၀တီတိုင်း၊ ဇလွန်မြို့မှာရှိတဲ့ မြို့နယ် NLD ပါတီ ရုံးခန်းကို မေလ ၅ ရက်နေ့ မနက် ၉ နာရီအချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲအင်အား ၃၀ ခန့်နဲ့လာရောက်ပြီး ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ပါတီရုံးရှိတဲ့ လမ်းကို ထိပ်တွေမှာ ပိတ်ဆို့ကင်းချပြီး ရုံးခြံစည်းရိုးသော့တွေကို ရိုက်ချိုးဝင်ရောက်ကာ ရုံးကိုဖျက်ဆီးသွားတာလို့ ပါတီဝင်တွေကပြောပါတယ်။
“လမ်းရဲ့ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကိုကင်းချတယ် ရုံးခြံစည်းရိုးက ခတ်ထားတဲ့သော့တွေကို ပထမဆုံးရိုက်ဖွင့်တယ်။ ပြန်ဆက်ကလူကမှတ်တမ်းလိုက်ယူတယ်၊ ပြီးတော့ အလံတိုင်တွေရိုက်ချိုးတယ်၊ ပြီးတော့ NLD ဆိုင်းဘုတ်ကိုအစိတ်စိတ်အမွှာမွှာလုပ်ပစ်တယ်ပြီးတော့ရုံးတံခါးကိုလည်းဖျက်ပြီး၀င်သွားတယ်အထဲမှာဘာတွေဖျက်ဆီးလဲဆိုတာတော့အသေးစိတ်မသိရသေးဘူး”လို့ NLD ပါတီ၀င်တစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ဇလွန် NLD ရုံးက တာ၀န်ရှိသူတွေဟာ စစ်အာဏာသိမ်းပြိီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးမှုတွေကြောင့်တိမ်းရှောင်နေရပြီး ရုံးကို သော့ခတ်ထားခဲ့ရတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံများ ရုံးအတွင်းက ပစ္စည်းများကို ဖျက်ဆီးသယ်ယူသွားတာပတ်သတ်ပြီး အတိအကျမပြောနိုင်ပဲ ရုံးဆိုင်းဘုတ်နဲ့ အလံတိုင်များကိုရိုက်ချိုးဖျက်ဆီးခံရတာကို အတည်ပြု ထားပါတယ်။
မနေ့က NLDရုံးကိုလာရောက်ဖျက်ဆီးသူများမှာ စစ်ကောင်စီလက်အောက်ခံ မီးသတ်၊စည်ပင်၊ထွေအုပ်၊ ပြန်ဆက်တွေအပြင် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်၂ ဦးအပါအ၀င် အင်အား ၂၀ ခန့်နဲ့ ဓါး၊ပေါက်ချွန်း၊ တူရွင်းများနဲ့လာရောက်ဖျက်ဆီးခဲ့တာလို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။
ဧရာ၀တီတိုင်းက မြို့နယ်တစ်ချို့က ရပ်ကျေး NLDဆိုင်းဘုတ်နဲ့ရုံးခန်းတွေကို ပါတီဟာ တရားမ၀င်တော့တာကြောင့် ပိတ်သိမ်းကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကို လိုက်လံအကြောင်းကြားမှုတွေရှိနေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ရက်နေ့က ပုသိမ်မြို့၊ အမှတ်၂ရပ်ကွက် ကုန်စည်ဒိုင်၀န်းမှာရှိတဲ့ ဧရာ၀တီတိုင်း NLD ပါတီရုံး ဆိုင်းဘုတ်ကို အရပ်၀တ်နဲ့ စစ်ကောင်စီတပ်ဖွဲ့များရဲများက လာရောက်ဖြုတ်ယူသွားပြီး ဖြစ်စဥ်ကိုဓါတ်ပုံရိုက်မိတဲ့ပြည်သူတစ်ဦးရဲ့ ဖုန်းကိုသိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။