မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအရေးကို အဓိကထား ဆွေးနွေးဖို့ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြနေကြပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲကို အကြမ်းဖက်စစ်ကောင်စီတက်ရောက်ခွင့်မပြုဘဲ အစည်းအဝေးအပြီးမှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ထုတ်ပြန်သွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
ဆွေးနွေးပွဲကနေ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ဆုံးဖြတ်ချက်ကို မျှော်လင့်ထားတယ်လို့ လည်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်လုပ်ဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ အာရှဒေသ အရပ်ဖက်အဖွဲ့အစည်း ၂၅ ဖွဲ့က လက်မှတ်ရေးထိုးပြီး မေလ ၉ ရက်မှ ၁၁ ရက်အထိပြုလုပ်မယ့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဆီယံခေါင်းဆောင်တွေကို အိပ်ဖွင့်ပေးစာပေးပို့ တောင်းဆိုမှုလည်းရှိနေပါတယ်။