မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ရဲ့အခြေအနေကိုသွားရောက်မှတ်တမ်းတင်တဲ့ ဓာတ်ပုံသတင်းထောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။
Myanmar Now ရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်က စစ်တွေမြို့မှာ ဖမ်းဆီးခံရတာပါ။
အဲဒီနောက် ၃ လကျော်အကြာ ဒီနေ့မှာ အင်းစိန်ထောင်တွင်း တရားရုံးက ထောင် ချလိုက်တာ လို့သိပါတယ်။
ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ပုဒ်မ ၄ ခုနဲ့တရားစွဲထားတာဖြစ်ပြီး စွပ်စွဲခံရတဲ့ ပုဒ်မတွေနဲ့ပတ်သက်လို့ အသေးစိတ်ကိုမသိရသေးဘူးလို့ Myanmar Now ကို ဖော်ပြပါတယ်။
Myanmar Now ရဲ့ ဖော်ပြချက်အရ စွဲဆိုခံရတဲ့ ပုဒ်မ ၄ ခုဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ၊ ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြစ်တယ်လို့သိရပါတယ်။
” Myanmar Now က ရေးသားခဲ့တဲ့ အရေးကြီးသတင်းတွေမှန်သမျှမှာ ကိုစိုင်းဟာ အသက်အန္တရာယ်ကို မငဲ့ဘဲ အမြဲပဲ ရှေ့တန်းကနေ သတင်းယူခဲ့တဲ့သူပါ’’ လို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။
ကိုစိုင်းဇော်သိုက်ဟာ ဝါရင့်သတင်းသမားတစ်ဦးဖြစ်ပြီး Myanmar Now သတင်းဌာနမှာ ၂၀၁၇ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် က တကျော့ပြန်အာဏာသိမ်းမှုအပြီး တစ်လအကြာမှာ အစောဆုံးပိတ်ခံရတဲ့သတင်းဌာန တွေထဲ Myanmar Now လည်းပါဝင်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အခုနှစ် မေလ ၁ ရက်အထိ ပြည်တွင်းမှာ သတင်းသမား ၁၅၆ ဦး ဖမ်းခံရပြီး ၄ ဦးသတ်ဖြတ်ခံရကာ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၅၀ ဦးခန့် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Detained Journalists Group ရဲ့စာရင်းအရသိရပါတယ်။