အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပတဲ့ NCA ( ၈) နှစ်မြောက် နှစ်ပတ်လည်ပွဲ သွားတက်ခဲ့တဲ့ အဖွဲ့ဝင်သုံးဦးကို ABSDF က နိုင်ငံရေးနဲ့ စစ်ရေးတာဝန်တွေ ရုပ်သိမ်းပြီး အဖွဲ့နဲ့ ဆန့်ကျင်တာတွေ မလုပ်ဖို့ သတိပေးလိုက်ပါတယ်။
“ဒီနေ့ကစပြီး ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ သူတို့ဟာ ရိုးရိုးတပ်ဖွဲ့ဝင်ပဲဖြစ်တယ်။ နိုင်ငံရေးနဲ့ စစ်ရေးမှာ ဘာတာဝန်မှမရှိတော့ပါဘူးဗျ။” လို့ ABSDFရဲ့ အထွေအထွေအတွင်းရေးမှူးရဲဘော်ဆန်နီက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ တာဝန် ရုပ်သိမ်းခံရသူတွေက ဒုဥက္ကဌရဲဘော်မျိုးဝင်း၊ ရဲဘော်စောမောင်မောင်ဦးနဲ့ ရဲဘော်မင်းဇော် တို့ဖြစ်ပါတယ်။
တာဝန်ရုပ်သိမ်းခံရမယ့်ကာလက ABSDFရဲ့ ညီလာခံသက်တမ်းတလျှောက် ဖြစ်ပြီး အခု ဆုံးဖြတ်ချက်က ၁၂ ကြိမ်မြောက်ညီလာခံသက်တမ်းအတွင်းမှာ ဗဟိုကော်မတီဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဦးဆောင်မှုတွေကိုရွေးချယ်ရတဲ့ ညီလာခံသက်တမ်း တစ်ခုနဲ့တစ်ခုကြားထဲမှာ ဒီတာဝန်တွေကို ရပ်ဆိုင်းတာဖြစ်ပါတယ်။” လို့ အထွေအထွေအတွင်းရေးမှူးက ပြောပါတယ်။
ကျောင်းသားတပ်မတော် ABSDF ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ (၈)နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ဘူးလို့ စစ်ကောင်စီကို စာပို့ထားသလို NCA ပျက်ပြယ်သွားပြီလို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF တို့နဲ့ ပူးတွဲပြီး စာထုတ်ပြန်ထားတာပါ။
ဒါပေမဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင် ၃ ဦးဟာ NCA (၈) နှစ်မြောက် အခမ်းအနားကို ABSDFက ချမှတ်ထားတဲ့ မူ၊ သဘောထား၊ ရပ်တည်ချက်တွေနဲ့ ဆန့်ကျင်ပြီး သူတို့ရဲ့ ဆန္ဒသဘောထားသက်သက်နဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသားတပ်မတော် ABSDF ရဲ့ထုတ် ပြန်ချက်မှာ သူတို့ရဲ့ အဖွဲ့ဝင်တွေကို တာဝန်ရုပ်သိမ်းတာအပြင် အဖွဲရဲ့ မူ၊ သဘောထား၊ ရပ်တည်ချက်တွေနဲ့ ဆန့်ကျင်တာတွေ ဆက်လက်ဆောင်ရွက်ခြင်းမပြုဖို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF ဟာ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်။