ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ပြည်သူများရဲ့ ပူးပေါင်း ပါဝင်မှုကြောင့် တော်လှန်ရေး အင်အားစုတွေ ပိုမို အားကောင်းလာပြီး စစ်ကောင်စီ လက်ပါးစေ သတင်းပေး ဒလန်များနဲ့ CDM တွေကို အနှောင့်အယှက် ပေးနေသူတွေ အားလုံးကို သိရှိထားပြီဖြစ်လို့ အမြန်ဆုံး နုတ်ထွက်ကြဖို့ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး လိုက်ပါတယ်။
လက်ရှိ စစ်ကောင်စီ လက်အောက်က စွန့်ခွာလိုပေမယ့် ဒဏ်ကြေး ကျပ် ၅ သိန်း မတတ်နိုင်သူတွေ ကိုတော့ သေချာစိစစ်မှာဖြစ်ပြီး CDM လို့ မသတ်မှတ်ဘဲ အလင်းဝင်သူ အဖြစ်သာ လက်ခံပေးခြင်းဖြင့် ကနဦး စစ်အာဏာရှင်ကို ဆန့်ကျင်ကာ CDM ဝင်သူတွေဘက်က အမြဲတမ်း ရပ်တည်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“CDM သမားတွေရဲ့ နေရာမှာ အရန်သင့် အစားထိုး နေရာဝင်ယူတဲ့ သူတွေကို အဓိက ပစ်မှတ်ထားပြီး အလင်းဝင်ရောက်ရင် ဒဏ်ငွေ ၅ သိန်းပါမှ လက်ခံပေးမယ်။ အခြား လက်နက်နဲ့အတူ ဝင်လာတဲ့ တပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေကိုတော့ အနည်းဆုံး ဆုကြေးသိန်း ၅၀ ချီးမြှင့်သွားမယ်။ လောလောဆယ်တော့ ဒီအသိပေးချက် မတိုင်ခင် လက်နက်နဲ့ ဝင်ရောက်လာတဲ့ ရဲနဲ့ စစ်သားကလွဲလို့ Non- CDM ဘက်က အလင်းဝင်လာသူ မရှိသေးပါဘူး” လို့ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီ လက်ကျန် တပ်ဖွဲ့ဝင်တွေဟာ အာဏာသိမ်းစ အချိန်ကလို မောက်မာ ရိုင်းစိုင်းမှုတွေ မပြုရဲတော့တဲ့အပြင် အကြောင်းမရှိဘဲ စခန်းပြင်ပ မထွက်ရဲတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။