စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများအနေဖြင့် အလင်းဝင်ကြရန် နောက်ဆုံးအခွင့်အရေးပေးသည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၆ရက် ညပိုင်း၌ ထုတ်ပြန်သည်။
Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန် အမိန့်ကြော်ငြာစာတွင် မြန်မာ့နွေဦးတော်လှန်ရေး ကာလအတွင်း မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနေကြပြီးဖြစ်ရာ ယခုအချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြင့်မားစွာဖြင့် “လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီး တစ်လှိုင်း လှုပ်ရှားနေကြပြီး ဖြစ်ကြောင်းအသိပေးသည်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုများအတွင်း သိမ်းယူစိုးမိုးရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ Non-CDM ဝန်ထမ်းများသည် ဌာနဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်သို့ အလင်းဝင်ရောက်ကြရမည်ဟု အကြောင်းကြားထားသည်။
Non-CDM ဝန်ထမ်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် နောက်ဆုံးသော အခွင့်အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန် သတိပေးထုတ်ပြန်သည်။
လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမည်ဖြစ်ကြောင်း ကြေညာသည်။