ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၄
အကြမ်းဖက်စစ်ကောင်စီက နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ (NSCN- AM) နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အန်းမိုင်း အဖွဲ့ကို ပြည်သူ့စစ်အသွင်ပြောင်းရန် လုပ်ဆောင်နေမှုအပေါ် လက်မခံဘူးလို့ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF-Battlion)က ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ (NSCN- AM) နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-အန်းမိုင်း အဖွဲ့အား ပြည်သူ့ စစ်အသွင်ပြောင်းရန် နာဂရိုးရာစာပေနှင့် ယဥ်ကျေးမှုဗဟို ကော်မတီ၊ဥ က္ကဠ၊ ဒုဥက္ကဠ တို့ရဲ့ အကူအညီဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ခန္တီးမြို့နယ်မှာ တွေ့ဆုံညှိနှိုင်းခဲ့တာပါ။
နာဂတော်လှန်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်အသွင်းပြောင်းရန် ညှိနှိုင်းမှုကို လက်မခံသင့်ဘဲ ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ သွေးခွဲ ရန်တိုက်ပေးမှုကြောင့် နာဂလူမျိုးအချင်းချင်း သွေးထွက်သံယို ဖြစ်ပွားနိုင်မှုများကို ရှောင်ရှားစေလိုတယ်လို့ နာဂ ပကဖ က ပြောပါတယ်။
နာဂရိုးရာစာပေနှင့်ယဥ်ကျေးမှု ဗဟို၊မြို့နယ်၊ရပ်ကျေးကော်မတီ များအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြိး မည်သည့် တော်လှန်ရေးတပ်ဖွဲ့ကိုမဆို ပြည်သူ့စစ်အသွင်ပြောင်းရန် ကူညီနေ မှုများကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ အသိပေးပါတယ်။
နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF-Battlion) အနေဖြင့် အကြမ်း ဖက်စစ်ကောင်စီရဲ့ အာဏာယန္တရား အလုံးစုံပျက်သုဥ်းရေးကို ဦးတည်ပြီး နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကိုဖွဲ့စည်းခဲ့တာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။