အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးဟာ ဒေသအချိန် ဩဂုတ်လ ၁၄ ရက်က ကာလီဖိုးနီးယားမြို့တော်၊ ဆန်ခရမ်မဲန်မှာ မြန်မာမိသားစု အသိုင်းအဝိုင်းနဲ့တွေ့ဆုံပြီး လက်ရှိ နွေဦးတော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးကြပါတယ်။
နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးဟာ ဒီမတိုင်ခင်ကလည်း ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီလို တွေ့ဆုံရာမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ နိုင်ငံတကာ ထောက်ခံမှု အခြေအနေ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာပြည် အလားအလာ၊ အာဆီယံနိုင်ငံတွေနဲ့ လက်ရှိဆက်ဆံရေးအခြေအနေ၊ အမေရိကန် အစိုးရနဲ့ လွှတ်တော်တို့နဲ့ ဆက်ဆံမှုတွေ၊ Burma Act အရ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှုတွေအတွက် လုပ်ပိုင်ခွင့်အာဏာအကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေထံက သိရပါတယ်။
ဒါ့အပြင် မြန်မာ-အမေရိကန် မဲဆန္ဒရှင်တွေနဲ့ အခွန်ထမ်းပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အမေရိကန်လွှတ်တော်အမတ်တွေကို တိုက်တွန်းနှိုးဆော်နိုင်ရေး ကိစ္စရပ်တွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
NUG ဒုဝန်ကြီးဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း၊ အလယ်ပိုင်းနဲ့ အနောက်ဘက်ခြမ်း ပြည်နယ်တွေမှာရှိတဲ့ အမေရိကန်ရောက် မြန်မာပြည်ဖွားတွေနဲ့ လှည့်လည် တွေ့ဆုံနေတာဖြစ်ပါတယ်။