မွန်ပြည်နယ်မှာ ပြောက်ကျားစစ်ဆင်ရေးတွေကိုအဓိကလုပ်ဆောင်နေတဲ့ ရေးဘီလူးတပ်ဖွဲ့ဟာ NUG လက်အောက်က အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ရဲ့ တပ်ခွဲအနေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အညီ စစ်ဆင်ရေးတာဝန်တွေကို ဗျူဟာတကျ အရှိန်မြှင့်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲမှုကိုခံယူပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ရဲ့ တပ်ခွဲတစ်ခွဲအနေနဲ့ တာဝန်ထမ်းဆောင်သွားမယ်လို့ ရေးဘီလူးရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
အခုလို MOD ကွပ်ကဲမှုအောက်မှာရှိတဲ့ SOF ရဲ့တပ်ခွဲအဖြစ်ပူးပေါင်းလိုက်တဲ့အတွက် ရဲဘော်တွေရဲ့တိုက်ရည်ခိုက်ရည်၊ စည်းစနစ်စည်းကမ်းပိုင်းနဲ့ စစ်ဘက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေ ပိုပြီးအားကောင်းလာမှာဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOFရဲ့ တပ်ဖွဲ့မှူးကိုအောင်စံရှားက ပြောပါတယ်။
“တဖွဲ့တည်းပုံစံနဲ့ စစ်ဆင်ရေးဆောင်ရွက်ချက်တွေကိုအကောင်အထည်ဖော်ဖို့ဆိုတာ လိုအပ်ချက် အားနည်းချက်ရှိတယ်။ အခုလိုပူးပေါင်းလိုက်တာဟာ အားလုံးအတွက်ကောင်းတယ်။ SOF အတွက်လည်း လူ၊ လက်နက်မှာ အင်အားတခုဖြစ်လာတယ်။ သူ့အတွက်ကျတော့လည်းအများကြီးကောင်းတယ်” လို့ ကိုအောင်စံရှားကပြောပါတယ်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ကွပ်ကဲမှုကိုခံယူပြီး ဆတ်လက်တာဝန်ထမ်းဆောင်သွားမယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေး ရေးသားထားပါတယ်။
အခုလို တပ်ခွဲအနေနဲ့ပူးပေါင်းလာတာကြောင့် ရေးဘီလူးရဲ့နယ်မြေကျွမ်းကျင်မှုနဲ့ KNLA၊ MOD အောက်ကအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်သွားနိုင်မယ်လို့လည်း ကိုအောင်စံရှားကဆိုပါတယ်။
အခုလ ၁၃ ရက်နေ့ကလည်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF)ဟာ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ဒေါနစစ်ကြောင်းရဲ့တပ်ခွဲ (၄)အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။