မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းရွာက နေအိမ်တွေကို စစ်အုပ်စုက အောက်တိုဘာ ၂၈ ရက် ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဝင်ရောက်လာပြီးနောက် နေ့လယ် ၂ နာရီလောက်မှာ နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဆီက သိရပါတယ်။
ကဇွန်းမရွာကနေ အင်အား ၁၀၀ ကျော်နဲ့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ အဲဒီရွာနဲ့ ၂ မိုင်ခန့် အကွာရှိ ကျွန်းချောင်းရွာကိုလက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်သွားတာလို့ ဆိုပါတယ်။
“ကာကွယ်ရေးဘက်ကို ထောက်ခံလို့ဆိုပြီး ရွာကိုမီးရှို့တာ။ ဆန်တွေကိုလည်း ရွာထဲက လမ်းပေါ်မှာသွန်ချခဲ့တယ်။နေ့လယ်ချိန်လောက်ထိ ရွာထဲမှာတပ်စွဲထာပြီးမှ မီးရှို့သွားတာ” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရွာမီးရှို့သွားတဲ့ စစ်ကြောင်းဟာ ကဇွန်းမအခြေစိုက် အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉) နဲ့ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
ရွာမီးရှို့ပြီးနောက် နေ့လယ် ၃ နာရီလောက်မှာ အဲဒီ့စစ်ကြောင်းဟာ ကဇွန်းမရွာထဲကို ပြန်လည်ဝင် ရောက်သွားခဲ့ပြီး ဒေသခံတွေအနေနဲ့ စစ်ကြောင်းမရောက်မီ ကြိုတင်ရှောင်နိုင်တဲ့အတွက် ဖမ်းဆီးခံရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
စစ်ကြောင်းထွက်သွားပြီးနောက် ရွာအတွင်းအမြန်ဝင်ရောက်ကာ ရွာခံတွေနဲ့ ဆိပ်ဖြူဘာမထီကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ နေအိမ် ၂၀ လုံးခန့်သာ မီးလောင်ပျက်စီးမှုရှိခဲ့တာလို့ ပြောပါတယ်။
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကျွန်းချောင်းရွာဟာ အခုမီးရှို့ခံရမှု ဒုတိယအကြိမ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျွန်းချောင်းရွာကနေအိမ် ၁ လုံးကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပါသေးတယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း နေအိမ်အဆောက်အဦ (ဘာသာရေးအဆောက်အအုံ အပါအဝင်) ၈၀၀၀၀ ကျော် မီးရှို့ခံခဲ့ရပြီး အဲ့ဒီထဲက ၃၀ ရာခိုင်နှုန်းနီးပါးဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မီးရှို့ခံရခြင်းဖြစ်ကာ မကွေးတိုင်းအတွင်းက ဒုတိယအများဆုံးဖြစ်တယ်လို့ ISP – Myanmar က ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။