ရေဖြူမြို့နယ်၊ ကံပေါက်ရွာခံတွေ တခြားနယ်ကို သွားလာချင်ရင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံး ထောက်ခံစာ တစ်စောင်ကိုတစ်သောင်းကျပ်ပေးပြီး ထုတ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုကြေညာလိုက်တဲ့ အခုလ ၁၀ ရက်နေ့နောက်ပိုင်းမှာမှ ထောက်ခံစာနဲ့ သွားလာနေကြရတာလို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို ထောက်ခံစာလုပ်ပြီးမှသွားလာရမယ်ဆိုတာကို စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ကျေးရွာအတွင်း တရားဝင်လိုက်လံကြေညာထားတာမျိုးမရှိပေမယ့် ရုံးနဲ့နီးစပ်ရာအိမ်ထောင်စုတွေကို ပြောဆို၊ အသိပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူ့(အုပ်ချုပ်ရေးမှူး)အမျိုးထဲက တစ်ယောက်က ထောက်ခံစာလုပ်ရမယ်ဆိုလို့ သွားလုပ်ရတာ။ သွားဖို့လာဖို့ဆို စစ်ဆေးရေးဂိတ်တွေဖြတ်ရမှာဆိုတော့ ပိုက်ဆံတစ်သောင်းကိုမကြည့်နိုင်တော့ဘူး။ ကိုယ့်လုံခြုံရေးက အရေးကြီးတယ်လေ။” လို့ အသက် ၂၄ နှစ် အရွယ် ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကံပေါက်ကနေ နယ်ကျော်သွားလာသူတွေဟာ သစ်တောရုံးလမ်းဆုံနဲ့ ကံပေါက်ကျေးရွာအုပ်စုအဝင်ဆိုင်းဘုတ်အနီးမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခုကို မဖြစ်မနေဖြတ်ရပါတယ်။
ထောက်ခံစာလုပ်ပြီးမှသွားလာခွင့်ရှိတယ်ဆိုတဲ့သတင်းတွေကြောင့် ထောက်ခံစာလုပ်ပြီးသွားလာတဲ့သူရှိသလို မလုပ်ဘဲ သွားလာတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူကြီးအများစုကတော့ မလုပ်ဘူး။ လူငယ်တွေသွားလာမယ်ဆိုမှအိမ်ကလူကြီးတွေကလိုက်လုပ်ပေးတာ။ အရေးရယ်အကြောင်းရယ်ဖြစ်လာရင် လူငယ်တွေပဲ ဆွဲခံရတာဆိုတော့။” လို့ အသက် ၂၈ နှစ်အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ထောက်ခံစာမပါဘဲ နယ်ကျော်လာသူတွေကိုကံပေါက်ဂိတ်တွေကနေ ဖြတ်ခွင့်မပေးတာ ပြစ်ဒဏ်တစ်ခုခု ပေးတာမျိုးတော့ မကြားရသေးဘူးလို့ အခုရက်ပိုင်းအတွင်း ထောက်ခံစာမပါဘဲသွားလာခဲ့ဖူးသူအပါအဝင် ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကံပေါက်ဒေသတွင်းကို တခြားနယ်ကနေ ဆန်သယ်ယူမယ်ဆိုရင် နယ်မြေရဲစခန်းထောက်ခံစာယူရတာ၊ နယ်ခံမဟုတ်တဲ့သူတွေလာလည်ရင် ဧည့်စာရင်းမဖြစ်မနေတိုင်ရတာနဲ့ နယ်ကျော်သွားလာသူဆိုရင် ထောက်ခံစာလုပ်ရတာတွေ မကြာခဏဆိုသလို စစ်ကောင်စီဘက်ကနေ စည်းမျဉ်းထုတ်လေ့ရှိပါတယ်။
ဒါ့အပြင် ကံပေါက်ကျေးရွာဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်လို့နာမည်ထွက်နေသူတွေ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက စပြီး ဆိုင်ကယ်စီးခွင့်ပိတ်ပင်ခံထားရတဲ့ဒေသလည်း ဖြစ်ပါတယ်။
တနင်္သာရီတိုင်းအတွင်း ပုလောမြို့နယ်ထဲကရွာတွေနဲ့ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွေမှာလည်း နယ်ကျော်သွားလာလိုရင် အုပ်ချုပ်ရေးမှူးရုံး ထောက်ခံစာလုပ်ရတာမျိုးတွေ မကြာခဏ အမိန့်ထုတ်လေ့ရှိပါတယ်။