ယနေ့ ဇွန်လ ၁၀ ရက် မှာ ကျရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တည်ထောင်တဲ့ ၁၇ နှစ်ပြည့်အခမ်းအနားတွေကို တပ်ဖွဲ့အသီးသီးက မြေပြင်အသီးသီးမှာ အကျဉ်းချုပ်ကျင်းပခဲ့တယ်လို့ PNLA က ယနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
PNLA ကို လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ဇွန်လ ၁၀ ရက် မှာ စတင်တည်ထောင်ခဲ့တာဖြစ်လို့ ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှာ တပ်ဖွဲ့သက်တမ်း ၁၇ နှစ်ပြည့် ခဲ့တာလို့ သိရပါတယ်။
PNLA အနေနဲ့ ကြမ်းတမ်းတဲ့တော်လှန်ရေးကာလ ၁၇ နှစ်တိုင်တိုင်မှာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာရပ်တည်ခဲ့ပြီး ရန်သူ့ထံ လက်နက်ချ အညံ့ခံတာ၊ ပူးပေါင်းတာ၊ ရန်သူ့လက်အောက်ခိုဝင်သွားတာစတဲ့ အမျိုးသားသစ္စာဖောက်လုပ်ရပ်တွေကို ဘယ်အခါကမှ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
၁၇ နှစ်ပြည့်အခမ်းအနားမှာ ပအိုဝ်းအမျိုးသားအလံတော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အလံတော်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်အလံတော်တွေကို အလေးပြုတာ၊ တပ်ဖွဲ့တာဝန်ရှိသူတွေက ခွန်အားပေးစးကားပြောတာတွေပြုလုပ်ခဲ့သလို တော်လှန်ရေးကာလမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းအာဇာနည်တွေကို အလေးအနက်ဂုဏ်ပြုချီးမွမ်း အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ PNLA ဟာ ဘဝတူညီနောင်တွေနဲ့အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေးမှာဆက်လက်ပါဝင် လက်တွဲသွားမယ်လို့ ဖော်ပြပါရှိပါတယ်။