ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီလူမျိုးတွေကြာင်း ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ပြီး PNLO/PNLA အမည်သုံးထားတဲ့ ထုတ်ပြန်ချက်အတုတွေ လူမှုကွန်ရက်ပေါ်မှာ ဒီနေ့ ဇန်နဝါရီ ၂၆ရက်မှာ ပျံ့နှံလာတယ်လို့ PNLA ကပြောပါတယ်။
အဲဒီစာထဲမှာ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်း လူဆိုး၊ သူခိုး တွေကို တိုက်ထုတ်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာမှာ ၈၀% အောင်မြင်ခဲ့ပြီး ပအိုဝ်းအမျိုးသားအလံတွေလွှင့်ထူနိုင်ခဲ့ကြောင်း၊ PNLA အနေနဲ့ မဟာမိတ်တွေနဲ့ ညှိနှိုင်းပြီး ဆီဆိုင်မြို့နယ်အတွင်း အိမ်ခြေမဲ့စွာနေထိုင်နေရတဲ့ ကရင်နီစစ်ဘေးရှောင် အိမ်ထောင်စု၄၅၂ စုကို တဘက်ကျေးရွာအုပ်စု၊ ကုန်ဆွတ်ကျေးရွာအုပ်စု၊ ပင်စုံကျေးရွာအုပ်စုတွေက လူမရှိတော့တဲ့ နေအိမ်တွေမှာ ဒီနေ့ ဇန်နဝါရီ ၂၆ ရက္က စပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်အဖြစ် ပိုင်ဆိုင်ခွင့်ပေးအပ်လိုက်ကြောင်း ရေးသားထားတာဖြစ်ပါတယ်။
အဲဒီစာနဲ့ပတ်သက်ပြီး မဲခေါင်က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီလိုထုတ်ပြန်စာအတုတွေဟာ ပအိုဝ်းနဲ့ ကရင်နီကြား သွေးထိုးတာသာ ဖြစ်ပြီး PNLA အနေနဲ့ ထုတ်ပြန်ချက်တွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ PNLA News & Information Department ကနေသာ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း PNLA ပြောခွင့်ရသူတစ်ဦးက ဖြေကြားပါတယ်။
“အဲဒီစာတွေက အတုတွေပါ၊ မသမာသူရန်သူတွေက စာအတူတွေလုပ်ပြီး သွေးခွဲတဲ့စာတွေပါ၊ မျိုးနွယ်စုချင်းတူတဲ့ ကျနော်တို့နဲ့ကရင်နီတွေကို သွေးခွဲပေးတာလို့ပဲ မြင်တယ်။၊ ကျနော်တို့ရဲ့ သတင်းမှန်တွေကို ကျနော်တို့ရဲ့ တရား၀င်ပေ့ချ်တွေမှာ တင်ထားပါတယ်။ ထုတ်ပြန်ချက်က အဲဒီကနေပဲ ထုတ်ပြန်ပါတယ်။ အဲဒီလိုတွေလုပ်တဲ့သူတွေက ကျနော်တို့က ပအိုဝ်းဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးလှုပ်ရှားတဲ့အခါမှာ ပအိုဝ်းဒေသကို မတည်မငြိမ်ဖြစ်စေချင်သူတွေ၊ ပအိုဝ်းဒေသကို ဖျက်ဆီးချင်သူတွေက ပေ့ချ်အတုတွေ၊ ထုတ်ပြန်ချက်အတုတွေ လုပ်ပြီး လုပ်ကြံတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ပြောလာပါတယ်။
လတ်တလောမှာ ဟိုပုံးမြို့၊ စံဖူးရွာ တိုက်ပွဲဖြစ်စဉ်ကအစပြုလို့ ဒီနေ့အထိ လူမှုကွန်ယက်ပေါ်မှာ ကောလာဟလတွေ၊ သတင်းတု၊ သတင်းမှားတွေ ပေါ်ပေါက်လာတဲ့အတွက် သတင်းမှာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးဖို့လည်းလိုတယ်လို့ ဒေသခံတွေက ဆိုပါတယ်။