စစ်အာဏာရှင် စနစ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်သည်အထိ ဘဝတူမဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည် ဆိုသည့် PNLO/PNLA ၏ ကြေညာချက်ကို ထောက်ခံကြိုဆို၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
ထို့ပြင် ပအိုဝ်းလူမျိုး အချင်းချင်းကြား ပဋိပက္ခမဖြစ်စေရေး PNO/PNA က ပူးပေါင်းဆောင်ရွက်ပေးရန်လည်း PNFC က တောင်းဆိုထားသည်။
PNO/PNA သည် သမိုင်းအစဉ်အလာကောင်းရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ လိမ်လည်လှည့်ဖျားမှုများနှင့် အတင်းအကျပ်ဖိအားပေးမှုများကြောင့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ်မှ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ရကြောင်း၊ PNO/PNA အနေနှင့် လူထုတော်လှန်ရေးကြီးတွင် ပြန်လည်ပူးပေါင်းဆင်နွှဲပါရန် ပန်ကြားကြောင်း PNFC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်သည် ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခဖြစ်စေရေး၊ ပအိုဝ်းနှင့် အခြားတိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခဖြစ်စေရေး နည်းမျိုးစုံဖြင့် သပ်လျှိုဖြိုခွဲလျက်ရှိပြီး ပအိုဝ်းဆရာတော် သံဃာတော်များနှင့်တကွ ပအိုဝ်းမိဘပြည်သူများ ဝိုင်းဝန်းကာကွယ်တားဆီးပေးကြရန်ပန်ကြားကြောင်းလည်း PNFC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ် လက်အောက်ရှိ စစ်သား၊ ရဲနှင့် ပြည်သူ့ စစ်များ ပြည်သူ့ရင်ခွင်သို့ ယုံကြည်စွာ ဘက်ပြောင်းခိုလှုံရန်နှင့် ဘက်ပြောင်းလာသူများကို ကျင့်ဝတ်စည်းကမ်းများနှင့် အညီ နွေးထွေးစွာကြိုဆိုရန် ပန်ကြားကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေးအဖွဲ့ဝင်များအနေနှင့်လည်း စစ်အာဏာရှင်နှင့် အပေါင်းပါများ ဖန်တီးသည့် လူထုဆန့်ကျင်ရေး ထောင်ချောက်များအတွင်း မကျရောက်စေရေး အထူးသတိထားဆောင်ရွက်ကြရန်လည်း PNFC က ကြေညာချက်တွင် ပါရှိသည်။
ထို့ပြင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC သည် “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်” ဟူသည့် PNLO /PNLA ၏ ထုတ်ပြန်ချက်ကို အလေးအနက်ကြိုဆိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။