ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD က တပ်နယ် (၁) သုဝဏ္ဏဘူမိသထုံဒေသနဲ့ တပ်နယ် (၂) ဘားအံဒေသ တို့အတွက် တပ်ဖွဲ့ဝင်အသစ်များကို စတင်လက်ခံခေါ်ယူနေပြီလို့ ထုတ်ပြန် ကြေညာပါတယ်။
စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းမလား၊ တော်လှန်ရေးတပ်ထဲ စစ်မှုထမ်းမလားဆိုတာ ရွေးချယ်ရတော့မယ့်အချိန်ကို ရောက်လို့လာပြီလို့ PPDF-KD ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ရဲ့ ဒရုန်းယူနစ်နဲ့ တိုက်ခိုက်ရေး တပ်ခွဲများအတွက် တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူနေတာဖြစ်ပြီး ဝင်ရောက်လိုသူများအနေနဲ့ PPDF-KD ရဲ့ Facebook Page စာမျက်နှာက တဆင့် ဆက်သွယ်နိုင်တယ်လို့ ပြောပါတယ်။
ဆန္ဒပေးလာသူတွေကို တပ်ဖွဲ့ဝင်သစ်စုဆောင်းရေးဆိုင်ရာမူဝါဒတွေနဲ့ ကိုက်ညီသူတွေကို စိစစ်ရွေးချယ်သွားမယ် လို့ဆိုပါတယ်။
အသက် ၁၈ နှစ်ပြည့်ပြီး အခြေခံကျန်းမာရေးကောင်းမွန်သူ မည်သူမဆို၊ PPDF-KD ရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ မူဝါဒလမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာရန် ဝန်ခံကတိပြုသူ၊ သတ်မှတ်ပေးထားသော တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပါမည်ဟု ဝန်ခံကတိပြုသူ၊ စစ်အာဏာရှင် စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ပအိုဝ်းအမျိုးသားအရေးကို အလေးထားဆောင်ရွက်လိုသူတွေကို စိစစ်ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာရှိတဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ဟာ တပ်နယ် (၁) သထုံခရိုင်နဲ့ တပ်နယ်(၂)ဘားအံခရိုင်တို့မှာ လှုပ်ရှားနေပြီး တပ်နယ် (၃) ရှမ်းကယားနယ်စပ်မှာတော့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)ကလှုပ်ရှားနေပြီး ဆီဆိုင်ဒေသမှာ PNLA နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပါတယ်။