၂၀၂၂-၂၃ ပညာသင်နှစ် အတွက် ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ KIO ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို KIO ပညာရေးဌာနက ဒီကနေ့ မေလ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စာမေးပွဲ ဖြေဆိုသူ ၂,၇၃၅ ဦးအနက် ၁,၄၃၇ ဦး အောင်မြင်ပြီး အောင်ချက် ရာခိုင်နှုန်း ၅၂ ဒသမ ၄၅ ရှိကာ အမှတ်အများဆုံးရတဲ့ ကျောင်းသား/သူ ၁၀ ဦးကို ပူးတွဲဖော်ပြထားတယ်လို့ အောင်စာရင်း သွားကြည့်တဲ့ ကျောင်းသား တစ်ဦးက ပြောပါတယ်။
“ရိုးရိုးအောင်တဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ မအောင်တဲ့ သူတွေလည်း အများကြီးပဲရှိတယ်။ အခုက မိုင်ဂျာယန် သွားတက်ရမလား၊ ဒီမှာပဲ (လိုင်ဇာ) တက်ရမလား စဉ်းစားနေတုန်းပဲ” လို့ ဂုဏ်ထူး တစ်ဘာသာနဲ့ အောင်မြင်သူ ကျောင်းသား တစ်ဦးက ပြောပါတယ်။
ဂုဏ်ထူးနဲ့ အောင်မြင်သူ ၂၄၁ ဦးရှိပြီး ပထမ ရရှိသူမှာ Dashi Jai Lat Awng ဆိုသူ ကျောင်းသားဖြစ်ကာ English၊ Maths၊ Bio၊ Physics၊ Chemistry ၅ ဘာသာ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ဒီစာမေးပွဲကို ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ကျောင်သားတွေ အများဆုံး ဝင်ရောက် ဖြေဆိုခဲ့ပြီး Bio၊ Eco၊ Art ဆိုတဲ့ အထူးပြု ဘာသာရပ် ၃ မျိုးခွဲ ဖြေဆိုခဲ့ရကြောင်း သိရပါတယ်။
မြန်မာစာ ဂုဏ်ထူးရ ကျောင်းသား မရှိပေမယ့် Eco ဂုဏ်ထူးရ ကျောင်းသားပေါင်း ၁၆၇ ဦးအထိရှိပြီး Maths တစ်ဦး၊ Hist ၂ ဦး၊ Geog ၃ ဦး၊ Chem ၁၉ ဦး၊ Phys ၂၈ ဦး၊ Bio ၄၀ ဦးအထိ ဂုဏ်ထူးများရရှိ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။