အမျိုးသားညီညွတ်ရေးအစိုးရ ၊ Spring Development Bank ဘဏ်က ချင်း နဲ့ ကရင်နီဒေသတွေ မှာ အသေးစားချေးငွေ ကဏ္ဍဖော်ဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပြီ လို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ်။
“တိုင်းပြည်စီးပွားရေးပျက်ကပ်မှသည် စစ်အာဏာရှင် ကျဆုံးခန်းဆီသို့” သတင်းစာရှင်းလင်းပွဲကို ဇွန် ၃ ရက် ပြုလုပ်ခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။
ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ညှိနှိုင်းလုပ်ဆောင်နေသလို ကရင်နီပြည်မှာလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ညှိုင်နှိုင်းဆောင် ရွက်နေတာလို့ သိရပါတယ်။
“micro finance နဲ့ ပတ်သက်ပြီးတော့ ချင်းအမျိုးသား တပ်ဦး ဖြစ်တဲ့ CNF နဲ့လည်း ကျနော်တို့လုပ်နေတာရှိတယ်၊ Business နဲ့ ပတ်သက်ပြီး သူတို့ PLAN တင်လာတာရှိတယ်၊ SDB Bank အနေနဲ့လည်း ပထမဆုံး ပရောဂျက် အနေနဲ ဒေါ်လာ ၅ သိန်းလောက် နဲ့စပြီးတော့ ဒီကိစ္စကို အသေးစိပ် ညှိနှိုင်းမှုတွေ ဆောင်ရွက်နေပါတယ်၊ အဲဒါတွေ အမြန်ဆုံးပြီးမြောက်အောင် ညှိနှိုင်း နေတယ်၊ အမြန်ဆုံးပြီးမြောက်သွားရင် ဒီကိစ္စကို ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ပြောရမယ်ဆို ဒီနှစ်ထဲမှာ ဖြစ်အောင် တောက်လျှောက် ဆောင်ရွက်မယ်၊ အလားတူဘဲ ကရင်နီ ကြားကာလအစိုးရပေါ့နော် IEC နဲ့လည်း ကျနော်တို့ ဒီကိစ္စကို ညှိနှိုင်းဆောင်ရွက်နေတာရှိတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားခဲ့ပါတယ်။
အခုလို အသေးစားချေးငွေကဏ္ဍကို ဖော်ဆောင်ရာမှာ SDB ဘဏ် အနေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ စနစ်ကျစွာ လုပ်ဆောင်နိုင်ရေးနဲ့ တကယ်လိုအပ်နေတဲ့ ပြည်သူတွေအဆီကို ထိရောက်တဲ့ အကျိုးပြုမှုတွေဖြစ်ပေါ်နိုင်ရေးအတွက်လည်း အလေးထားဆောင်ရွက်နေတယ်လို့ အသိပေး ထားပါတယ်။
အဆိုပါ အသေးစားချေးငွေကဏ္ဍကိုကို ၂၀၂၄ ခုနှစ်အတွင်းမှာ ဖြစ်မြောက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။