နိုင်ငံကူးလက်မှတ်စာအုပ်(Passport)ပြုလုပ် ရာတွင် UID လက်မှတ်ပါမှသာ စာအုပ်ထုတ်ပေးမည်ဟု စစ်ကောင်စီက ကြေညာသည်။
ပတ်စ်ပို့စာအုပ် ထုတ်ပေးရာတွင် နိုင်ငံသားဟုတ်၊မဟုတ် စိစစ်နိုင်ရန်ဟုဆိုကာ လာမည့် ဧပြီ ၂၂ရက်မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးထားသော UID လက်မှတ်ယူဆောင်လာရန်နှင့် မပါရှိပါက ပတ်စ်ပို့စာအုပ် ထုတ်ပေးမည်မဟုတ်ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယမန်နေ့(မတ်လ ၁၉ရက်)တွင် အသိပေးကြေညာသည်။
“UID လက်မှတ်ဆိုတာ ရပ်ကွက်ထဲမှာ လုပ်ပေးနေတဲ့ Smart Card ကို ပြောတာ။ မျက်လုံးScan ဖတ်တယ်။ လက်ဗွေနှိပ်ရတယ်။ ဖုန်းနံပါတ်ကအစ စာရင်းသွင်းသွားတာ။”ဟု UID လက်မှတ် ပြုလုပ်ဖူးသူတစ်ဦးက ပြောသည်။
UID လက်မှတ်အား လက်ရှိနေထိုင်ရာနှင့်သန်းခေါင်စာရင်းအမည်ပေါက်ရာ မြို့နယ်လဝကရုံးများ၌ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပြီး အချက်အလက်များလွဲမှားနေပါက ပြင်ဆင်ရန် အချိန်ကြန့်ကြာလေ့ရှိကြောင်း လက်မှတ်လုပ်ဖူးသူများက ပြောသည်။
အာဏာသိမ်းပြီးကတည်းက ပြည်ပထွက်လိုသူများလာ၍ ပတ်စ်ပို့စာအုပ် လျှောက်ထားသူများပြားခဲ့ပြီး စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ အသက်သွင်းလိုက်ပြီးနောက် ပြည်ပထွက်လိုသူပိုမိုများလာကာ passport ရုံးများ၌ စုပြုံတိုးနေသည်။
လက်ရှိ ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးတွင် စာအုပ်လုပ်ရန် အွန်လိုင်းမှကြိုတင်ရက်ချိန်းယူကြရာ ယခုနှစ် ၂၀၂၄ စက်တင်ဘာလကုန်အထိ ရောက်ရှိနေပြီဖြစ်သည်။