ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ်ပါတီ( SNLD) အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။
ဦးစိုင်းတင်လှိုင်သည် ရန်ကုန်မြို့ရှိနေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်ပြီးအသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်သည်။
” ဟုတ်ပါတယ်ခမျာ။ ဦးစိုင်းတင်လှိုင် ကွယ်လွန်သွားပါပြီ။ သူ့နာရေးဈာပနကို ၁၉ရက်နေ့မှာ လုပ်ဖို့ရှိပါတယ်”ဟု SNLD ပါတီနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဦးစိုင်းတင်လှိုင် သည် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၏ အစ်ကိုလည်းဖြစ်သည်။ ဦးစိုင်းတင်လှိုင်ကွယ်လွန်နေသတင်းကို ဦးစိုင်းညွန့်လွင်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
ဦးစိုင်းတင်လှိုင်သည် SNLDပါတီ ဥက္ကဋ္ဌဦးခွန်ထွန်းဦးကို စစ်အုပ်စုက ဖမ်းဆီးထောင်ချခဲ့သည့် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ SNLD အတွင်းရေးမှူးတာဝန်ယူခဲ့သည်ဟုသိရသည်။
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပြဌာန်းခဲ့ပြီး ယင်းဥပဒေသစ်အရ နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင်စေခဲ့သည်။ ထိုအခြေအနေတွင် ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ခဲ့သည့်နေရာအများစုအနိုင်ရခဲ့ပြီး နိုင်ငံရေးဂုဏ်သိက္ခာကြီးမားသည့် SNLD က စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်မှတ်ပုံတင်ခြင်းမပြုခဲ့ပေ။
ထို့ကြောင့် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသော SNLD နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံခဲ့ရသည်။