ထိုင်းဂြိုလ်တု ကော်ပိုရေးရှင်း THAICOM နဲ့ ပြင်သစ်ပိုင် CANAL+ က မြန်မာစစ်အုပ်စုရဲ့ လူမျိုးရေးနဲ့ ဝါဒဖြန့်ချိရေး သတင်းတွေကို စစ်ကောင်စီနဲ့ အကျိုးတူပူးပေါင်းပြီး ရုပ်သံ ထုတ်လွှင့်နေတယ်လို့ အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ JUSTICE FOR MYANMAR-JFM က ဒီကနေ့ မေလ ၆ ရက်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး MWD၊ MRTV နဲ့ MITV တို့ကနေ လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းတွေ၊ စစ်သုံ့ပန်းတွေကို နှိပ်စက်ညှဉ်းပန်းထားတဲ့ ရုပ်သံတွေကို THAICOM နဲ့ CANAL+ က တစ်ဆင့် ထုတ်လွှင့် ပြသနေပြီး ဒါဟာ တတိယ ဂျနီဗာ စာချုပ် သဘောတူညီချက် (၁၉၄၉) ပုဒ်မ-၁၃ (၂) ကို ချိုးဖောက်နေတာလို့ JFM က ပြောပါတယ်။
စစ်ကောင်စီ ဖမ်းဆီး ရိုက်နှက်နှိပ်စက်ထားလို့ ဖူးယောင်နေတဲ့ အကျဉ်းသား ပုံရိပ်တွေ၊ မြန်မာနိုင်ငံသား မဟုတ်ဘူးလို့ ရည်ရွယ်ပြီး ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေလို့ သုံးနှုန်းခေါ်ဆိုပြီး ဒုက္ခသည်စခန်းကနေ ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို စစ်တပ်က ပြန်မိတဲ့ သတင်း အကြောင်းအရာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ THAICOM နဲ့ CANAL + က ထုတ်လွှင့်ခဲ့တယ်လို့ ဆိုပါတယ်။
THAICOM နဲ့ CANAL + က “ဘင်္ဂါလီ” ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာစစ်တပ်က ရိုဟင်ဂျာ လူမျိုးတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ ဝါဒဖြန့် အသုံးအနှုန်း ဆိုတာကို သိပေမယ့် ထုတ်လွှင့်ပြသခဲ့လို့ ထိုင်းနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေ အနေနဲ့ အဆိုပါ ကုမ္ပဏီတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ အရေးယူဖို့ လုပ်ဆောင်သင့်တယ်လို့ JUSTICE FOR MYANMAR က တိုက်တွန်းပြောဆို ထားပါတယ်။