ပလမြို့ အမှတ်(၃)ရပ်ကွက်က အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေဟာ အသက် ၅၅ နှစ်ဝန်းကျင်အရွယ် ဦးသိန်းတန်နဲ့ အသက် ၄၂ နှစ်အရွယ် ကိုကျားကြီး ဆိုသူတို့ဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ အဖမ်းခံခဲ့ရတာပါ။
ဦးသိန်းတန်ဟာ ဆိုင်ကယ်ကယ်ရီဆွဲကာ အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး ကယ်ရီဆွဲနေစဥ် ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တွေရာကနေ ဆိုင်ကယ်ရောလူပါ အဖမ်းခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ကိုကျားကြီးကတော့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လ ၂၂ ရက်က ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ မောင်တော်စပ်သူဖြစ်ပြီး အမှတ်(၃)ရပ်ကွက်က ဝပ်ရှော့ဆိုင်တစ်ဆိုင်မှာရှိနေချိန် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
“ကိုကျားကြီးက ခြံအလုပ်လေးလုပ်ရင်းအေးဆေးနေတဲ့သူပဲ။ အကုန်လုံးအလုပ်ကိုယ်စီနဲ့ချည်းပဲ။ ဘာကြောင့်အဖမ်းခံရလဲ ကျနော်လည်းမသိဘူး။လမ်းမှာချည်းအဖမ်းခံရတာနှစ်ယောက်လုံးက” လို့ ပလမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အခုလက်ရှိမှာတော့ နှစ်ဦးစလုံးကို ပလမြို့ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပလမြို့အမှတ်(၃)နဲ့ အမှတ်(၄)ရပ်ကွက်တွေကိုစစ်ကောင်စီတပ်သား ၄ ဦးခန့်ပါတဲ့ အိမ်စီးကားတစ်စီးနဲ့ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကင်းလှည့်တာတွေလုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလ ၈ ရက်အတွင်းမှာ ပလမြို့အမှတ်(၃)ရပ်ကွက်ကနေ ဖမ်းဆီးခံရတဲ့ အရပ်သား သုံးဦးရှိနေပါပြီ။ ဒီကနေ့ ဖမ်းခံရတဲ့ ဦးသိန်းတန်တို့ နှစ်ဦးအပြင် အခုလပထမပတ်ထဲမှာလည်း NLD အစိုးရလက်ထက်မှာ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပလမြို့အမှတ်(၃)နဲ့ အမှတ်(၄)ရပ်ကွက်ကနေ အသက်ကြီးပိုင်း အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်က ဖမ်းဆီးခဲ့ပြီး အဲဒီထဲက နှစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပါတယ်။