ယခု မေလအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးသတင်းအခြေအနေတွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ် က မေ ၇ ရက် ညမှာ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မေ ၂ ရက်ကနေ ၄ ရက်အထိ သပိတ်ကျင်းမြို့နယ် စဉ်ကူးမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၁ စစ်ဒေသ၊ ပြင်ဦးလွင်ခရိုက် အမှတ် ၅၀၉ တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် ပကဖ ၊ Nine PDF ၊ Northern PDF ပူးပေါင်းတပ်ဖွဲ့များကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မေ ၂ ရက် မနက်ပိုင်းမှာ အင်အား (၁၀၀) ခန့်ပါတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာမှ ခုနှစ်တဲစုကျေးရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ဦးဖိုးဆိတ်တောင်ပေါ်သို့ စစ်ကြောင်းထိုး လာခဲ့ပြီး (၈၁) မမစိန်ပြောင်းဖြင့် (၂) ကြိမ် ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီစစ်ကြောင်းကို ပူးပေါင်းတပ်တွေက Drone တွေ ၊ ပဒေသာမိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ ၁၅ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး လက်နက်ကြီးအစတွေ ထိမှန်ခဲ့ရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အဲဒီစစ်ကြောင်းက မေ ၃ ရက်မှာ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် အစပ်ရှိ ငတန့်အိုင်ကျေးရွာကို ထပ်မံစစ်ကြောင်းထိုးလာခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဦးဖိုးဆိတ်တောင်မှာ နေရာယူထားသော ရန်သူအကြမ်းဖက်စစ်တပ်က (၈၁) မမစိန်ပြောင်းဖြင့် အကြိမ် (၂၀) ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်တပ်ရဲ့ (၈၁) မမ လက်နက်ကြီး အခြေပြုထားတဲ့ တောင်ကုန်းကို အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ခိုက်မှုတွေလုပ်နိုင်ခဲ့တာကြောင့် ရန်သူ့ရဲ့ ၈၁ မမ စိန်ပြောင်းလက်နက်ကြီးကို သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။