စစ်အာဏာရှင်တော်လှန်ရေးရုပ်ရှင်ဖြစ်သည့် The Way ရုပ်ရှင်ပြသခြင်းမှ ရရှိထားသော ရံပုံငွေအနက်မှ ကျပ်သိန်း၇၀ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးပို့ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ယနေ့ သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်၏ စီမံခန့်ခွဲမှုဖြင့်ပေးပို့သည့် အဆိုပါ ငွေကြေးကို ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်)က လက်ခံရရှိခြင်းဟု ဆိုသည်။
“ကျနော်တို့က NUGနဲ့ စစ်ရေးအရာရော၊ နိုင်ငံရေးအရရော မဟာမိတ်အနေနဲ့ ရပ်တည်နေတာဆိုတော့ ငွေကြေးအထောက်အပံ့လည်းရှိခဲ့တယ်။ လက်နက်ခဲယမ်းအထောက်အပံ့လည်းရှိခဲ့တယ် “ဟု ABSDF ပြန်ကြားရေးတာဝန်ခံရဲဘော် ပြည့်ဖြိုးကျော်က ပြောသည်။
ထို့အပြင် ကူညီထောက်ပံ့ပေးသော The Wayအဖွဲ့သားများနှင့်အတူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအား ကျောင်းသားတပ်မတော်ရဲဘော်များကိုယ်စား အထူးကျေးဇူးတင်သည်ဟု ABSDFက သတင်းထုတ်ပြန်သည်။
ABSDFသည် လတ်တလော၌ စစ်ကိုင်း၊ ကချင်၊ ကရင်၊ တနင်္သာရီ၊ ရှမ်းပြည်နယ်တို့၌ တိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ တိုက်ခိုက်နေသည်။
အဆိုတော်လင်းလင်း ရိုက်ကူးထားပြီး ဂီတရုပ်ရှင်အမျိုးအစားဖြစ်သော The Way ရုပ်ရှင်သည် Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲတွင် အကောင်းဆုံးဂီတ ရုပ်ရှင်ဆု၊ အကောင်းဆုံး ပထမကြိမ် ဒါရိုက်တာဆု နှင့်အကောင်းဆုံး သီချင်းဆုတို့ကို ရရှိထားသည်။
The Way ရုပ်ရှင်ကို နိုင်ငံတကာတွင် လှည့်လည် ပြသနေပြီး ရရှိသောရန်ပုံငွေကို စစ်အာဏာရှင် တော်လှန်ရေးအတွက်ပေးအပ်ထောက်ပံ့နေသည်။