ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ်၊ ငတန်ပျင်းရွာနှင့် ဘားဘူတောင်ရွာမှ ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်တပ်က လည်လှီးသတ်ဖြတ်ခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပေါက်တော ဘက်မှ မင်းပြားမြိုကို စစ်ကူလာသည့် အကြမ်းဖက် စစ်တပ်၏ နေဗီ၌ လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းပြားမြိုနယ်၊ ငတန်ပျင်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးကို လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ငတန်ပျင်းရွာ အနီးရှိ ဘားဘူတောင်ရွာကို ထပ်မံဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦး ထပ်မံ လည်လှီးသတ်ဖြတ်ပြီး ငတန်ပျင်းရွာ၊ ဘာဘူတောင်ရွာနှင့် ကျားရဲပြင်ရွာရှိ ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်းကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားပြီး စပါးကျီများကိုလည်း မီးရှိဖျက်ဆီးသွားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က လည်လှီးသတ်ဖြတ်သွားသော ပြည်သူ ၃ ဦးမှာ ငတန်ပျင်းရွာမှ အသက် ၃၃ နှစ်အရွယ် ဒေါ်ဦးသန်းနု၊ အသက် ၆၄ နှစ်အရွယ် ဒေါ်မစိန်ဖြူနှင့် ဘားဘူတောင်ရွာမှ အသက် ၆၂ နှစ်အရွယ် ဦးမောင်စောသိန်းတို ဖြစ်ကြောင်း သိရသည်။