TNLAထိန်းချုပ်ထားတဲ့ တအာင်းဒေသကို လာမယ့် ၂၀၂၅မှာ လူထုဆန္ဒအခြေခံတဲ့ အုပ် ချုပ်ရေးစတင်မယ်လို့ PSLF/TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး နှစ်ပတ်လည် အစည်းအဝေးထုတ်ပြန်ချက်မှာ အသိပေးထုတ်ပြန်ပါတယ်။
“ ၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်တယ် “ လို့ TNLAက ဖော်ပြပါတယ်။
1027 စစ်ဆင်ရေးကာလအတွင်း ထိန်းသိမ်းရရှိခဲ့တဲ့ မြို့(၇)မြို့ အပါအဝင် TNLA တပ်မတော် အခြေစိုက်ထားတဲ့ နယ်မြေဒေသတွေကို လုံခြုံရေးတရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ TNLAက ဦးဆောင်စီမံ အုပ်ချုပ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
တအာင်းဒေသတွင်း အခြားလူမျိုးအဖွဲ့အစည်းတွေအနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ အခွန် ကောက်ခံတာတွေမပြုလုပ်ကြဖို့ TNLAက သတိပေးတာမြစ်ထားပါတယ်။
ဒါ့အပြင် TNLAရဲ့ လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်တာတွေ မပြုနိုင် အောင် တအာင်းဒေသရှိ လူမျိုးစုံမိဘပြည်သူတွေနဲ့ အတူ လက်တွဲကာကွယ်ပြီး ပြည်သူလူထုတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် အမြန်ဆုံးအောင်မြင်ရောက်ရှိစေဖို့ ဦးဆောင်သွားမယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့အနေနဲ့ အခြေအနေဖိအားပေါင်းစုံကြောင့် အပစ်အခတ်ရပ်စဲခဲ့ရပေမယ့် ဒေသတွင်းပြည်သူလူထုတို့မှာ စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ဆက်တိုက်
ခံစားနေရတယ်ဆိုတာနဲ့ တိုက်ပွဲတွေမှာ လည်း မြန်မာပြည်အနှံ့အပြားမှာ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံးစုပေါင်းရုန်းကန် တည်ဆောက်ဖို့ အချိန်ခါသင့်နေပြီဖြစ်တယ်လို့လည်း TNLAက အသိပေးထုတ် ပြန်ထားပါတယ်။