TNLAနဲ့ မန္တလေး PDFရဲ့ ကနောက်စစ်ဆင်ရေး ကနဦး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က အရာရှိတွေ အပါအဝင် ၈၀ ကျော်သေဆုံးခဲ့သလို လက်နက်ခဲယမ်းမြောက်များစွာ ရရှိခဲ့တယ်ဆိုတာနဲ့ လက်ရှိမှာ တိုက်ပွဲ ဆက်လက် ပြင်းထန် နေဆဲ ဖြစ်တယ်လို့ Mandalay People’s Defence Forceက စက်တင်ဘာ ၁၁ရက်က ထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)“နဲ့ ပူးပေါင်းဆင်နွှဲတဲ့ ကနောင်စစ်ဆင်ရေး ” ကို ဇူလိုင် ၁၅ရက်ကနေ စက် တင်ဘာ ၁၀ရက်နေ့အထိ ပြုလုပ်ခဲ့ရာမှာ မတ္တရာ၊ နောင်ချို၊ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း တဝိုက်တွေမှာ တိုက်ပွဲ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ၃လတာ စစ်ဆင်ရေးတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူတွေနဲ့ တပ်သား ၇၆ ဦး အပါအဝင် စုစုပေါင်း ၈၀ သေဆုံးခဲ့ပြီးတော့ စခန်းတိုက်ပွဲတွေအပါအဝင် စစ်ကား တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ လက်နက်ခဲယမ်းမြောက်ယမ်း မြောက်များစွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးမှာ ပြည်သူ့ ပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက် စစ်အုပ်စုကို မိုင်းဆွဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေအပြင် မြေပြင်ကနေပါ ထိုးစစ်ဆင်ပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်သူ့ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ရဲဘော် ၂ ဦး အသက်ပေးလှူခဲ့ရပြီးတော့ ၁၀ ဦး ထိခိုက်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆင်နွှဲနေတဲ့ “ ကနောင် စစ်ဆင်ရေး ” ဟာပြီးဆုံးခြင်းမရှိသေးဘဲ လက်ရှိမှာလည်း ရန်သူ့တပ်တွေဖြစ်တဲ့ တပ်မ (၉၉) ၊ တပ်(၁၀၁) လက်အောက်ခံ (ခလရ ၂၅၂၊ ခလရ ၂၅၇) နဲ့ စကခ-၁ လက်အောက်ခံ ခမရ (၅၀၂) တပ်တွေက အင်အား (၄၀၀) ဝန်းကျင်နဲ့ ထိပ်တိုက်ဆိုင်ထားကာ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
မန္တလေးPDFဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကာ စစ်ဆင်ရေး တွေကို အရှိန်မြှင့်ဖော်ဆောင်နေတယ်ဆိုတာနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုဥ်းတဲ့အထိ ဦးလည်မသုန် အရှိန်အဟုန်ပြင်းပြင်း ဆက်လက်တိုက်ပွဲဝင်နေဦးဖြစ်တယ်လို့ အသိပေးထားပါတယ်။