ပြည်ကြီးမဏ္ဍိုင်မြို့ ဘန်ဂလားကျေးရွာအနီးက လေညာတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဘုတ်ပြင်းမြို့ပကဖအဖွဲ့ထံက သိရပါတယ်။
ယခုလ ၈ရက်နေ့ ည၇နာရီခွဲလောက်တုန်းက လေညာတံတားကစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ဘုတ်ပြင်းမြို့နယ်Flying Star Force( ပကဖ)ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
“တိုက်ပွဲထဲမှာပဲ သေတာ။ နာရေးကားနဲ့လာသယ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်”လို့ ဘုတ်ပြင်းမြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အဆိုပါ တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က အင်အား၃၀ ကျော်ထပ်မံဖြည့်တင်းထားပြီး လုံခြုံရေးတိုးမြှင့်ထားတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိတယ်လို့လည်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။