ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေတစ်ခုလုံးကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေပြီး အရပ်သားပြည်သူတချို့ဒဏ်ရာရရှိနေကာ ပြည်သူများ၏ နေအိမ်များပျက်စီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနှင့် နတ်သံကွင်းရဲစခန်း တို့တွင် အပြန်အလှန်ပစ်ခတ်သံများ ထွက်ပေါ်လာပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ၊ နံနက် ၄ နာရီ ၁၅ မိနစ်မှ ယခု နံနက် ၇ နာရီဝန်းကျင်အချိန်အထိ တိုက်ပွဲများဖြစ်နေဆဲဖြစ်ကြောင်း၊ ယနေ့ နံနက် ၆ နာရီခွဲနှင့် ၇ နာရီအကြားတွင် ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့တို့ကို ချိတ်ထားသော စစ်တောင်းမြစ်ကူးတံတား ထက်ပိုင်းကျိုးကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ယင်းနောက် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် နံနက် ၇ နာရီမှစတင်၍ ယခုအချိန်အထိ ပစ်ခတ်နေကြောင်း သိရှိရသည်။
“နတ်သံကွင်းရဲစခန်းပတ်ဝန်းကျင် ဆေးရုံ၊ နေအိမ်တွေ၊ ရပ်ကွက်တွေပါ အကုန်ဗုံးကျဲခံနေရတယ်။ ပျက်စီးမှုတွေလည်းများသလို ဒဏ်ရာရသူတွေလည်းရှိတယ်။ ဆေးရုံမှာဆိုရင် ဆရာမကြီးရဲ့ ယောင်္ကျားပေါင်ကို ကျည်ထိထားတယ်။ မြို့တွေရွာတွေကို ရမ်းသမ်းပစ်နေတယ်။ ရဟတ်ယာဉ်တွေ လေယာဉ်တွေကတော့ တောက်လျှောက်ပဲ တက်လာနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် နတ်သံကွင်းမြို့အတွင်းမှ အနည်းဆုံး စစ်ဘေးရှောင် ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဦးတည်ရာမဲ့ ပြေးလွှားနေရကြောင်း၊ ရုတ်တရက် ထွက်ပြေးရခြင်းဖြစ်၍ မည်သည့်ပစ္စည်းမှ မယူဆောင်နိုင်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင် ပြေးလွှားနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒေသပြည်သူတစ်ဦးက စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ လေယာဉ်များဖြင့် ကျိုးကျသွားသော စစ်တောင်းမြစ်ကူး(နတ်သံကွင်း) ပတ်ဝန်းကျင်ကို ဦးစားပေး၍ ဗုံးကျဲ တိုက်ခိုက်ပစ်ခတ်နေကြောင်း သိရှိရသည်။