ရှမ်းပြည်မြောက်ပိုင်း၌ မဟာမိတ်ညီနောင် သုံးဖွဲ၏ ‘၁၀၂၇ စစ်ဆင်ရေး’ကို ထောက်ခံအားပေးသည့်အနေဖြင့် တော်လှန်ရေးအင်အားစု လူငယ်များက YBS ယာဉ်ပေါ်၌ ကြယ်သီချင်းကို သီဆို၍ ဆန္ဒပြခဲ့ကြသည်။
အောက်တိုဘာ ၃၀ရက်တွင် ရန်ကုန်မြိုရှိ YBS ယာဉ်ပေါ်၌ လူငယ်များက နွေဦးတော်လှန်ရေးတွင်လူထုအကြားပြန့်နှံမှုအများဆုံးဖြစ်သည့် ကြယ်သီချင်းကို သံပြိုင်သီဆို၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ယင်းသီချင်းဖြင့် နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားသူများနှင့် အသက်ပေး၍ တိုက်ခိုက်နေသော ရဲဘော်များကို ဂုဏ်ပြုခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း အာဏာရှင်စနစ်ပြုတ်ကျရေး၌ ဆက်လက်ပါဝင်ရန် သပိတ်ရဲဘော်တစ်ဦးက ပြောသည်။
“ဒီသီချင်းထဲက “သင်တိုလိပ်ပြာလုံရဲ့လား” စာသားကတော်တော်ထိတယ်။ နားထောင်တိုင်း ကြက်သီးထတယ်”ဟု မြေပြင်မှရဲဘော်တစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၇ရက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တိုက ‘၁၀၂၇စစ်ဆင်ရေး’ စတင်ကြောင်း ကြေညာကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများအား နံနက် ၄ နာရီမှစတင်ပြီး တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။
ရန်ကုန်မြို၌ စစ်ကောင်စီက တင်းကျပ်သည့် စစ်ဆေးမှုများပြုလုပ်နေသော်လည်း လူငယ်များက ဆန္ဒပြပွဲများကို နေ့စဉ်တိုင်းလိုလို ပုံစံမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။