တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ကာကွယ်ရေးအဖွဲ့တွေရဲ့ ရပ်တည်ရေးကလည်း တဖြည်းဖြည်း အခက်အခဲတွေနဲ့ ကြုံတွေ့လာနေကြရပါတယ်။ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီသူတွေ တဖြည်းဖြည်း လျော့နည်းလာသလို တဖက်မှာလည်း ကုန်ဈေးနှုန်းက အဆမတန်ကြီးမြင့်လာနေပါတယ်။
အဲ့ဒီအခါ ထောက်ပံ့ကူညီသူတွေရဲ့ ငွေကြေးတွေကို တိုက်ခိုက်ရေးပိုင်းမှာသာ အဓိက အသုံးပြုပြီး တော်လှန်ရေးရဲဘော်တွေရဲ့ စားနပ်ရိက္ခာအတွက်ကိုတော့ တပိုင်တနိုင်စိုက်ပျိုးမွေးမြူပြီး ဖြေရှင်းတာတွေလုပ်လာကြရပါတယ်။
ဒီထဲမှာ မြင်းခြံအခြေပြု Zero ပြောက်ကျားတပ်ဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။
အခုလို တပ်ဖွဲ့မှာ ကြုံတွေ့နေကြတဲ့ ရိက္ခာပြတ်လပ်မှုတွေကိုတော့ ဗိုလ်သက်ကြီးတို့အဖွဲ့က အလှူခံတာမျိုးတွေရှိသလို တဖက်တလမ်းကနေလည်း သူတို့အဖွဲ့ ရောက်တဲ့အရပ်မှာ စားပင်သီးပင်တွေစိုက်ကာ လည်ပတ်နေတယ်လို့ သိရပါတယ်။
ဗိုလ်သက်ကြီးဟာ သူ့ရဲ့ တပ်သားအင်အား ၁၀၀ ဝန်းကျင်လောက်ကို တော်လှန်ရေးစကတည်းက နွေ၊ မိုး၊ဆောင်း အတွက် ကြိုတင်ပြင်ဆင်ထားပြီး တိုက်ပွဲနားရက်တွေမှာဆိုရင် အခုလို စိုက်ပျိုးရေးအလုပ်တွေ အဓိကထားပြီး လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး တော်လှန်ရေးကာလ ၂ နှစ်ကျော်လာတဲ့အချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှာ ရပ်တည်ရေးက စိန်ခေါ်မှုတွေ ဖြစ်လာနေတာပါ။
တချို့တပ်ဖွဲ့ငယ်တွေမှာဆိုရင် ဆက်ပြီးရပ်တည်လို့ မရနိုင်တဲ့အတွက် ရဲဘော်တွေဟာ အပြင်မှာ ထွက်ပြီး အလုပ်လုပ်ကြရတာတွေရှိသလို မိခင်တပ်ဖွဲ့ကနေ တခြားအဖွဲ့တွေဆီ သွားပူးပေါင်းရတာမျိုးတွေနဲ့ တော်လှန်ရေးမှာ ဆက်ပါနိုင်ဖို့အတွက် ရရာနည်းလမ်းနဲ့ပါဝင်နေကြရသူတွေလည်းရှိနေပါတယ်။