
ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၂ နာရီခွဲခန့်တွင် ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မိုးဗြဲမီးသတ်စခန်းတွင် ကင်းပုန်းချထားသော မိုးဗြဲ PDF တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိပြီး ၁ ဦးမှာ စိုးရိမ်ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MBPDF ထံမှ သိရှိရသည်။
‘ယနေ့ မနက် (၂)နာရီ ခွဲအချိန်တွင် မိုးဗြဲပြည်သူများကို လုံခြုံရေးတာဝန်ယူပေးထားသည့် MBPDF ကင်းစခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါသည်။ လူအင်အား၊ လက်နက်အင်အား မမျှသော်လည်း MBPDF မှ ရဲဘော်သည်များသည် ကြံ့ကြံ့ခံ ခုခံရင်ဆိုင် တိုက်ခိုက်ခဲ့ပါသည်။ MBPDF မှ ၁ နာရီခွဲကြာ ခုခံရင်ဆိုင်ခဲ့ပြီး အင်အားမမျှသောကြောင့် ကင်းစခန်းနေရာမှ ခက်ခက်ခဲခဲ ဆုတ်ခွာခဲ့ပါသည်။’ ဟု MBPDF က ရေးသားထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်သည် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ့အိုးအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ပြီး အဆိုပါ ၁ နာရီခွဲကြာ အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က အကျအဆုံများရှိပြီး အတည်ပြု၍ မရသေးကြောင်း MBPDF က ဆိုသည်။
အလားတူ ယနေ့နံနက် ၆ နာရီ ၂၀ ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စံပြ ၆ မိုင်တောင် အနီးတဝိုက်နှင့် ၆ မိုင်ကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီး/ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း KNDF တပ်ရင်း ၉ ထံမှ သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် ည ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျရောက်ပြီး ဒီးမော့ဆို၊ ဒေါငံခါးရပ်ကွက်က နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။